ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံမှုတွေကို နှစ်ဘက်စလုံး ပြန်လည်ရုပ်သိမ်းဖို့ တရုတ်နဲ့ အမေရိကန်တို့ သဘောတူညီမှုရ

Myanmar Harp
ဘေဂျင်း၊ နိုဝင်ဘာလ ၈ ရက်။
တစ်ဘက်နဲ့တစ်ဘက် နိုင်ငံအတွင်း တင်သွင်းလာတဲ့ တင်သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံပြီး စီးပွားရေးတင်းမာမှုဆိုင်ရာ ပဋိပက္ခကို ဖြေရှင်းဖို့ကြိုးစားနေကြတဲ့ အမေရိကန်နဲ့ တရုတ်ဟာ နောက်ဆုံးမှာတော့ ဒီလုပ်ရပ်တွေကို စွန့်ခွာဖို့ သ‌ဘောတူညီမှုရရှိခဲ့ပြီလို့ တရုတ်အစိုးရဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

နှစ်နိုင်ငံအကြား ဖြစ်ပွားနေတဲ့ စီးပွားရေးပဋိပက္ခဟာ လက်ရှိအချိန်ထိ ကမ္ဘ့ာစီးပွားရေးကို ထိခိုက်မှုများစွာရှိနေသလို ဒေသအနှံ့က ကုန်ထုတ်လုပ်မှုတွေကိုလည်း နှောင့်နှေးစေတဲ့ အထိ အကျိုးသက်ရောက်ခဲ့တာပါ။

” ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က နှစ်ဘက်စေ့စပ်ညှိနှိုင်းဆွေးနွေးသူတွေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကြား ပြင်းပြတဲ့စိတ်နဲ့ အားသွန်ခွန်စိုက်ညှိနှိုင်းနိုင်ခဲ့မှုဟာ နှစ်နိုင်ငံအနေနဲ့ လက်ရှိ ကာလမှာ စတင်တော့မယ့် သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ ဆောင်ရွက်နိုင်ခဲ့တယ်” လို့ တရုတ် စီးပွားကူးသန်ဝန်ကြီးဌာနက ပြောရေး ဆိုခွင့်ရှိသူ Gao Feng က ပြောကြားကြောင်း The Straits Times ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

၎င်းက ဆက်လက်ပြီး ” အခုလို နှစ်နိုင်ငံကြား အခွန်တိုးမြှင့်ကောက်ခံမှုကို ပထမအဆင့် သဘောတူညီမှုရခဲ့တာ အရေးပါတဲ့ အဆင့်တစ်ခုကို ဆောင်ရွက်နိုင် ခဲ့တာဖြစ်ပါတယ်” လို့ပြောကြားခဲ့ပေမယ့် အခွန်ကောက်ခံမှုကို ပြန်လည်ရုပ်သိမ်းမဲ့သဘောတူညီမှုဟာ ပမာဏဘယ်လောက်များများအပေါ် သဘောတူညီခဲ့တယ်ဆိုတာ ပြောကြားသွားခဲ့ ခြင်းတော့မရှိပါဘူး။

အခုလို တရုတ်အစိုးရဘက်က နှစ်နိုင်ငံ ကုန်သွယ်ခွန်ကောက်ခံမှုရပ်ဆိုင်းမယ်ဆိုတဲ့ သဘောတူညီမှုကို တရားဝင်ထုတ်ဖော်ပြောကြားလိုက်အပြီးမှာ အေးခဲနေတဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ ပြန်လည်လှုပ်ရှားသွားခဲ့သလို ကမ္ဘာ့စီးပွားရေး အညွှန်းကိန်းဟာလည်း အတက်ဘက်ကို ချက်ချင်းဦးတည်သွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျဆင်းနေခဲ့တဲ့ စတော့စျေးကွက်မှာလည်း အတက်ဘက်ကိုဦးတည်သွားခဲ့သလို ဟောင်ကောင်စီးပွားရေးဆောင်ရွက်နိုင်မှု အညွှန်းကိန်းဟာ သုည ဒသမ ၆ ထိ မြင့်တက်သွား ခဲ့တယ်လို့ သိရပါတယ်။

အခုသဘောတူညီမှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရဘက်ကတော့ တရားဝင်ထုတ်ပြန်ပြောကြားခြင်းမရှိသေးပေမယ့် တရုတ်ဘက်က စတင်ကမ်းလှမ်းညှိနှိုင်းမှုလုပ်ခဲ့ကတည်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကန်ဒေါ်လာ ၅၅၀ ဘီလျံတန်ဖိုးရှိ အမေရိကန်ကို တင်သွင်းမဲ့ တရုတ်ထွက်ကုန်တွေကို အခွန်တိုးမြှင့်ကောက်ခံမယ့်ကိစ္စ ရပ်ဆိုင်းခဲ့ပါတယ်။

စီးပွားရေးကျွမ်းကျင်သူတွေရဲ့ အမြင်ကတော့ အခုလို အမေရိကန်-တရုတ်တို့အကြား သဘောတူညီမှုရရှိနိုင်ခဲ့တာဟာ နှစ်နိုင်ငံကြားဖြစ်ပွားနေတဲ့ စီးပွားရေးတင်းမာမှုကို တဖြည်းဖြည်းလျော့ကျသွားစေမယ့် ဘက်ကို ဦးတည်သွားမှာဖြစ်သလို သိပ်မကြာခင်အချိန်မှာ ဟိုအရင်အခြေအနေကို ပြန်လည်ရောက်ရှိသွားနိုင်တဲ့ ကောင်းမွန်တဲ့အရွေ့တစ်ခုလို့ သုံးသပ်ကြပါတယ်။

Exit mobile version