စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းပေါင်း ၂၃၀၀၀ ကျော်ကို စိတ်ကြိုက်ရွေးချယ်ခွင့်ပေးမည်

PP001
ရန်ကုန်၊နိုဝင်ဘာ ၂၆

စက်မှုဝန်ကြီးဌာနကို စီမံ၊ဘဏ္ဍာဝန်ကြီးဌာနသို့ပေါင်း၍ ဝန်ကြီးဌာန တစ်ခုပြန်လည်ဖွဲ့စည်းရားတွင် စက်မှုဝန်ထမ်းပေါင်း ၂၃၀၀၀ကျော်ကို စိတ်ကြိုက်ရွေးချယ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာနကို စီမံ၊ဘဏ္ဍာဝန်ကြီးဌာန နှင့်ပူးပေါင်းရန်အတွက် ယနေ့လွှတ်တော်တွင် မဲခွဲအတည်ပြုခဲ့ခြင်းဖြစ်သည်။

“စက်မှုဝန်ကြီးဌာနမှာ ရှိတဲ့ ဝန်ထမ်းများ အခက်အခဲမရှိစေဖို့၊ စိတ်ဓါတ်မကျစေဖို့ အကောင်းဆုံး Change Management ဆောင်ရွက်ရမယ်လို့ ကိုယ်စားလှယ်တော်ကြီးများရဲ့အကြံပြုချက်ကို လေးစားစွာလက်ခံပါတယ်။ စက်မှုဝန်ကြီးဌာန နဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနတို့ နှစ်ခုပေါင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အဖြစ်ဖွဲ့စည်းပြီးတဲ့အခါ စက်မှုဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ စက်ရုံ၊အလုပ်ရုံ၊ဦးစီးဌာန လုပ်ငန်းအသီးသီးရှိ
တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများကို သက်ဆိုင်ရာဝန်ထမ်းတစ်ဦးချင်းစီရဲ့ သဘောဆန္ဒအရ ရွေးချယ်ခွင့်ပေးပြီး စီမံခန့်ခွဲသွားမှာဖြစ်တဲ့ အတွက် သက်ဆိုင်ရာ နိုင်ငံဝန်ထမ်းဥပဒေအရ မိမိတို့ရဲ့ ကျွမ်းကျင်မှု ၊အတွေ့အကြုံ ၊နေထိုင်ရာဒေသများအပေါ် အဃြေံပြီး တာဝန်ထမ်းဆောင်လိုတဲ့ ဌာန၊နေရာဒေသတို့ကို မိမိတို့သဘောဆန္ဒ အလျောက်ပိုမို ရွေးချယ်ခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။ “ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းကပြောသည်။

နိုဝင်ဘာ ၂၆ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၎င်းကတင်ပြခဲ့ခြင်းဖြစ်သည်။

စက်မှုဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာနသစ်လက်အောက်ရှိ ဦးစီးဌာနအသီးသီးတွင် ၎င်းတို့၏ သဘောဆန္ဒအရ ပြောင်းရွေ့နိုင်ခြင်း၊ အခြားဝန်ကြီးဌာနများသို့ပြောင်းရွေ့နိုင်ခြင်း၊ နိုင်ငံဝန်ထမ်းအဖြစ်မှ နုတ်ထွက်ပြီး ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံများသို့ အပြီးတိုင်ပြောင်းရွေ့နိုင်ခြင်း၊ နိုင်ငံဝန်ထမ်းအဖြစ်မှ မနုတ်ထွက်ပဲ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံများသို့ ပြင်ပဝန်ထမ်းအဖြစ် ပြောင်းရွေ့နိုင်ခြင်း၊ လျော်ကြေးပင်စင်ခံစားခွင့်ပြုခြင်း ဟူသော နည်းလမ်းများကို ရွေးချယ်နိုင်ကြောင်း ၎င်းကဆိုသည်။

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် စက်ရုံပေါင်း ၁၁၂ရုံ အနက်အများစုမှာ အရှုံးပေါ်နေပြီး ကုန်ထုတ်လုပ်မှုတိုးမြင့်ရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး တို့အကောင်အထည် ဖော်ဆောင်ရွက်ရန် ခက်ခဲကြောင်း၊ ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းရာတွင် မဟာဗျူဟာကျစွာ ဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်၍ ယခုကဲ့သို့ ဝန်ကြီးဌာနနှစ်ခုပေါင်းစည်းကာ အသစ်ပြန်လည်ဖွဲ့စည်းရခြင်း ဖြစ်ကာ ဝန်ကြီးဌာနအသစ်တွင်လည်း ဖွဲ့စည်းပုံများကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း ဝန်ကြီးကပြောသည်။

စက်မှုဝန်ကြီးဌာန၏ ပုံသေပိုင်ပစ္စည်းများနှင့် အစုရှယ်ယာများကို State Asset Management Corporation က လွှဲပြောင်းရယူစီမံခန့်ခွဲသွားမည်ဖြစ်ကာ၊ စက်မှုဝန်ကြီးဌာနပိုင် မြေများနှင့် စက်ရုံများစသော ပုံသေပစ္စည်းများကို ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းရေးလုပ်ငန်းစဉ်များအတွက် လိုအပ်သော လေ့လာဆန်းစစ်မှုများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရှိ Finalcial Management ကျွမ်းကျင်သူများနှင့် ဗဟိုအသွင်ကူးပြောင်းရေးအဖွဲ့ Central Transformation Unit တို့က အဓိကတာဝန်ယူသွားမည် ဖြစ်ပြီး PPP စာချုပ်စာတမ်းများစီမံခန့်ခွဲရာတွင် PPP Center က အဓိကဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

စက်မှုဝန်ကြီးဌာနကို စီမံ၊ဘဏ္ဍာဝန်ကြီးဌာနသို့ ပေါင်းစည်းခြင်း အတွက် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ၃၄၉မဲ၊ကန့်ကွက်မဲ၂၂၂မဲ၊ ကြားနေမဲ ၂မဲ ရှိခဲ့သဖြင့်
လွှတ်တော်ကသဘောတူအတည်ပြုပေးလိုက်သည်။

Exit mobile version