မြန်မာနိုင်ငံအားတရားစွဲဆိုထားမှု အစိုးရ၏ဦးဆောင်မှုအတိုင်း တပ်မတော် လိုက်ပါဆောင်ရွက်မည်

PP001
နေပြည်တော်၊နိုဝင်ဘာ ၂၄
ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံအားတရားစွဲဆိုထားသောအမှုအတွက် အစိုးရ၏ဦးဆောင်မှုအတိုင်း တပ်မတော်က လိုက်ပါဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်ကပြောသည်။
နိုဝင်ဘာ ၂၄ ရက် ၊နေပြည်တော်တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ မနေ့ကလည်း ICJ နဲ့ပတ်သက်ပြီးတော့မှ နိုင်ငံတော်အစိုးရအကြီးအကဲတွေ တပ်မတော် ဘက်ကအကြီးအကဲတွေတွေ့ဆုံပြီးတော့မှ ဒီကိစ္စကိုရင်ဆိုင်ဖြေရှင်းဖို့ဆိုပြီးတော့မှ ဆွေနွေးပွဲလုပ်ခဲ့ပါတယ်။ ICJ က state ကိုကိုယ်စားပြုပြီးတော့ စွဲတာဖြစ်တဲ့အတွက် အစိုးရရောတပ်မတော်ရောအားလုံးနဲ့သက်ဆိုင်ပါတယ်။ ICJ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပေါ့နော် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ သွားရောက်ရင်ဆိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ တပ်မတော်အနေနဲ့ကတော့ နိုင်ငံတော်အစိုးရရဲ့ဦးဆောင်မှု အောက်မှာ လိုက်နာပြီးတော့မှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်သောင်းနိုင်ကဆိုသည်။
အစိုးရလိုအပ်၍တောင်းခံပါက သက်သေခံအထောက်အထားများ၊စာရွက်စာတမ်းများ အထောက်အထားများနှင့် လိုက်ပါ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“အစိုးရကလိုက်ပါဖို့ခေါ်ရင် တပ်မတော်ကလိုက်ပါဖို့အဆင်သင့်ပါပဲ။ အစိုးရပိုင်းကစိစစ်ဆဲဖြစ်ပါတယ်။ တကယ်လို့အစိုးရပိုင်းက ခေါ်ရင်တပ်မတော်ကလည်း လိုက်ပါဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟုဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်ဆိုသည်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကိုတရားစွဲထားသောအမှုနှင့် ပတ်သက်ပြီး ICJ ရုံးစိုက်ရာနယ်သာလန်နိုင်ငံသဟေ့ဂ်မြို့ကို စေလွှတ်မယ့်အဖွဲ့ကိုဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်ဖြစ်ပြီးဒီဇင်ဘာ ၁ဝ ရက်မှ ၁၂ ရက်အထိ နှစ်ဘက်နိုင်ငံများ၏ လျှောက်ထားချက်များကို ၃ ရက်တာ ကြားနာသွားမည်ဖြစ်ကြောင်းသိရသည်။

Exit mobile version