အစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို မဖြစ်မနေတည်ဆောက်မည်ဟု စိတ်ပိုင်းဖြတ်ပြီးဖြစ်

PP001
ဘားအံ၊နိုဝင်ဘာ ၇

အစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို မဖြစ်မနေတည်ဆောက်မည်ဟု စိတ်ပိုင်းဖြတ်ပြီးဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်ကပြောကြားလိုက်သည်။

ကရင်ပြည် ဘားအံမြို့၌ နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်သည့် ( ၆၄ )နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား တွင် ၎င်းကပြောကြားခဲ့ြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ နိုင်ငံတော်အစိုးရ အနေနဲ့လည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို မဖြစ်မနေတည်ဆောက်မယ် ဆိုပြီးမှ စိတ်ပိုင်းဖြတ်ပြီးလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတဲ့ အခါကျတော့ ဒါမှသာလျှင် ကျွန်တော်တို့တိုင်းရင်းသားများလိုလားတောင့်တနေတဲ့ ဒီမိုကရေစီအခွင့်အရေး၊ ဖက်ဒရယ် အခွင့်အရေး၊ တနည်းအားဖြင့်ပြောမယ်ဆိုရင် ကျွန်တော်တို့ခံစားသင့် ခံစားထိုက်တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ဖက်ဒရယ် အခွင့်အရေးတွေ၊ တိုင်းရင်းသားတွေရဲ့ အခြေခံအခွင့်အရေးတွေ၊တန်းတူညီမျှမှု ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ကိုယ်ပိုင် အုပ်ချုပ်ခွင့် ၊ဒီဟာတေါကို ကျွန်တော်တို့ ကြိုပမ်းကားထုတ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ကရင်ပြည်နယ်နေ့ အခမ်းအနားများသို့ ယခင်နှစ်များက နိုင်ငံတော်ဒုသမ္မတ၊ အမျိုးသားလွှတ်တော် ဒုဥက္ကဌနှင့်ပြည်ထောင်စုဝန်ကြီးအဆင့် စသော တာဝန်ရှိသူများသာတက်ရောက်ခဲ့သော်လည်း ယခုနှစ်တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် နိုင်ငံတော်၏အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်သည်၊၊

သမ္မတဦးဝင်းမြင့်က ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ မူလက သဝဏ်လွှာပို့ထားပြီးဖြစ်သော်လည်း ကရင်ပြည်နယ် အစိုးရနှင့် တာဝန်ရှိသူများက တက်ရောက်ပေးရန် ဖိတ်ကြားမှုကြောင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်က ပြောသည်။

ယင်းအပြင် တိုင်းရင်းသားများ လိုလားသော ပြည်ထောင်စုတည်ဆောက်ရာတွင် ကရင်ဒုံးယိမ်းကသကဲ့သို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်လည်း သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းခဲ့သည်။

“တိုင်းရင်းသားတွေ လိုလား တဲ့ ပြည်ထောင်စု ကိုတည်ဆောက်ရာမှာ ကရင် ဒုံးယိမ်းလို ဟန်ချက်ညီညီ တက်ညီ လက်ညီ ထိန်းညှိ သွားမှ ပန်းတိုင်ကိုရောက်မှာ ဖြစ်ပါတယ်”ဟု ၎င်းးကဆိုသည်။

ကကြိုးကကွက်များ မည်သို့ပင် များပြားနေသော်လည်း တစ်ယောက်နှင့်တစ်ယောက် ထိန်းညှိ ပြီး ဟန်ချက် ညီညီ လုပ်ကိုင် ကြမည်ဆိုပါက ပြည်ထောင်စု အတွက် အလွန်ကြီးမားသော အင်အားတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း၊ကရင် ဒုံးယိမ်းကရာတွင် မမောမပန်းနိုင်ဘဲ အချင်းချင်းညီညီညွှတ်ညွှတ် ကပြသွားသကဲ့ ဒီမိုကရေ စီပြည်ထောင်စု အတွက်လည်း ပန်း တိုင်ရောက်အောင် တစ်ဦးနဲ့ တစ်စီ နားလည်မှုများ ပေးပြီး ဆောင်ရွက်သွားစေလိုကြောင်း သမ္မတက တိုက်တွန်းခဲ့သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် နိုဝင်ဘာ ၇ရက် နံနက် ၇ နာရီ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည့် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့တက်ရောက်ခဲ့ကာ ဘားအံမြို့သီရိကွင်း၌ ကျင်းပသည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများနှင့် ပျော်ပွဲရွှင်ပွဲမုခ်ဦးဖွင့်ပွဲသို့လည်း တက်ရောက်အားပေးခဲ့ပြီး မုခ်ဦးအားစက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေး၍ ဘားအံမြို့ကန်သာယာ၌ ကျင်းပသည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်လှေလှော်ပြိုင်ပွဲသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

Photo-KNU

Exit mobile version