PP003
ရန်ကုန်၊ နိုဝင်ဘာ ၈
ဆိုရှယ်မီဒီယာက ၂၀၂၀ရွေးကောက်ပွဲရလာဒ်အပေါ် သက်ရောက်မှာဖြစ်လို့ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲမဲဆွယ်ရာမှာ အွန်လိုင်းမှမဲဆွယ်မှုကိုလည်း တစ်စိတ်တစ်ပိုင်းထည့်သွင်းဖို့လိုမယ်လို့ DIPDရဲ့ Technical Advisor Michael Siegner က အကြံပြုပါတယ်။
ပါတီများနဲ့ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု(DIPD)ဟာ EU အထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ “ရှေ့သို့မြန်မာစီမံကိန်း”ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ “လူမှုကွန်ရက်ကို နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”ကို နိုင်ငံရေးပါတီ ၂၆ပါတီနဲ့အတူ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ၃ရက်ကြာကျင်းပခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲကို NLD၊ SNLD၊ ALD၊ ကြံ့ခိုင်ရေးတို့အပါအဝင် ပါတီပေါင်း ၂၆ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ကြပြီး ၎င်းတို့နဲ့ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီတို့ကြားလည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
တက်ရောက်လာတဲ့ ပါတီတွေကလည်း ၂၀၂၀ရွေးကောက်ပွဲမှာ ဆိုရှယ်မီဒီယာက အကျိုးသက်ရောက်မှုရှိလိမ့်မယ်ဆိုတာကို တညီတညွတ်တည်း ထောက်ခံကြတယ်လို့ Michael Siegner ကဆိုပါတယ်။
“လူမှုကွန်ရက်က အခုအချိန်မှာ မဟာဗျူဟာနစ်ခုဖြစ်နေပါတယ်။ အဲ့ဒါကြောင့်မို့လို့ ပါတီတွေအနေနဲ့လည်း ပုံမှန်မဲဆွယ်တဲ့ မဟာဗျူဟာထဲမှာ လူမှုကွန်ရက်ကနေမဲဆွယ်တာကိုလည်း မဟာဗျူဟာတစ်စိတ်တစ်ပိုင်းအနေနဲ့ ဆောင်ရွက်ဖို့လိုပါတယ်” လို့ ၎င်းက ဆက်လက်ပြောပါတယ်။