PP001
နေပြည်တော်၊စက်တင်ဘာ ၂၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် တာဝန်မှအနားယူပြီးပါက နိုင်ငံတာဝန်ကို တစ်နေရာမဟုတ်တစ်နေရာစွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီကပြောဆိုလိုက်သည်။
စက်တင်ဘာ ၂၈ ရက်။ နေပြည်တော်၊ တပ်မတော်စစ်သမိုင်းပြတိုက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လည်း အနေအထား၊အခြေအနေ ပေါ်မှာမူတည်ပြီးတော့မှ တပ်မတော်ကကာကွယ်ရေးဦးစီးချုပ်တာဝန်ပြီးဆုံး တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်လည်း သူ့အနေနဲ့ နိုင်ငံသားတိုင်း ဘယ်သူမဆို အခြေခံဥပဒေမှာပြဋ္ဌာန်ထားပြီးဖြစ်ပါတယ်။အရင် သတင်းစာရှင်းလင်းပွဲမှာလည်း ပြောကြားထားပြီးဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ တစ်နေရာမဟုတ်တစ်နေရာ နိုင်ငံတာဝန်တွေကို စွမ်းဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီအပေါ်မှာလည်း သူ့ရဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။”ဟု ၎င်းကဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် တာဝန်မှ အနားယူပါက နိုင်ငံရေးလောကထဲဝင်ရောက်ခြင်းရှိမရှိစောင့်ကြည့်ပါဟုသာပြောလိုကြောင်း၎င်းကဆက်လက်ပြောသည်။
“လက်ရှိမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေအားလုံးက always the soldiers ဖြစ်ပါတယ်၊ နိုင်ငံတာဝန်ထမ်းဆောင်ဖို့ အတွက်ကို နိုင်ငံတော်က လိုအပ်ချက်ရှိလာလို့ရှိရင်လည်း ဘယ်နေရာမဆိုတာဝန်ထမ်းဆောင် နိုင်တဲ့အောင်ကြိုးစားနေတဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်။အထူးသဖြင့် ခေါင်းဆောင်ပိုင်းပေါ့။”ဟု ဗိုလ်ချုပ်ထွန်းထွန်းညီကပြောသည်။
၂၀၂၀ ရွေးကောက်ပွဲကာလ အတွက် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းများ နိုင်ငံရေးလောကအတွင်း ဝင်ရောက်ရှိမရှိကိုလည်း စောင့်ကြည့်ရန်သာပြောကြားလိုပြီး ဝင်မဝင်မှာ အကြောင်းအမျိုးမျိုးရှိကြောင်း ၎င်းကဆိုသည်။
“တပ်မတော်သားတွေကတော့ လက်ရှိမှာ တပ်မတော်ရဲ့ တာဝန်ကိုထမ်းဆောင်နေကြတာဖြစ်ပါတယ်။ဒီအပေါ်မှာဆက်ပြီးတော့နိုင်ငံရေးနဲ့ပတ်သက်လို့ တာဝန်ထမ်းဆောင်ဖို့ရှိမရှိဆိုတာက အကြောင်းအမျိုးမျိုးတွေရှိကောင်းရှိပါလိမ့်မယ်။”ဟု ၎င်းကပြော
သည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်အချို့က တပ်မတော်မှ အနားယူကာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့သည်။