မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကောင်းစွာကာကွယ်နိုင်မည်ဟုယုံကြည်ဟုဆို
PP001
နေပြည်တော်၊နိုဝင်ဘာ၂၂
ICJ တွင် ကိုယ်တိုင်ဦးဆောင်ရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ဆုံးဖြတ်ချက်သည် အလွန်ရဲရင့်ပြီးသတ္တိရှိသည့် လုပ်ရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာရုရှသံအမတ်ကြီး Dr. NikolayListopadov က ထောက်ခံချီးကျူးလိုက်သညါ။
နေပြည်တော်၊MICC-2တွင် နိုဝင်ဘာ၂၂ရက်က ကျင်းပသည့်ကုန်သည်စက်မှုအသင်းချုပ်နှစ်(၁၀၀)ပြည့်အ ခမ်းအနားတွင် ၎င်းက သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ကကိုယ်တိုင် မြန်မာအကျိုးစီးပွားကို ကာကွယ်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်၊ အင်မတန်ရဲရင့်တဲ့အင်မတန်သတ္တိရှိတဲ့ဆုံးဖြတ်ချက်တွေလည်းဖြစ်ပါတယ်၊ဒါကြောင့်ဒါမျိုးဆုံးဖြတ်ကို ကျွန်တော်ထောက်ခံပါတယ်၊ ကျနော်ချီးကျူးပါတယ်၊ ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကိုကောင်းကောင်းကာကွယ်နိုင်မယ်လို့ခိုင်ခိုင်မာမာယုံကြည်ပါတယ်”ဟု Dr. NikolayListopadov ကဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံရင်ဆိုင်နေရသော ပြဿနာစိန်ခေါ်မှုများသည် အလွန်ရှုတ်ထွေးပြီး ထိလွယ်ရှလွယ်ပြဿနာများလည်းဖြစ်ခြင်းကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံကို အရေးယူခြင်းထက် အကူအညီပေးခြင်းသာလျှင် အပြုသဘောဆောင်သော ရပ်တည်ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာရုရှသံအမတ်ကြီး ကပြောသည်။
“မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးရေးကိစ္စကိုဝင်ရောက်စွတ်ဖက်ဖို့မလိုပါဘူး။ဒါကြောင့်မို့မြန်မာနိုင်ငံရင်ဆိုင်နေတဲ့ရှုတ်ထွေးတဲ့ပြဿနာတွေ၊အခက်အခဲ့စိန်ခေါ်မှုတွေကိုမြန်မြန်ဖြေရှင်းနိုင်ဖို့ရရှားနိုင်ငံနိုင်ငံတကာဇာတ်ခုံမှာအကူအညီပေးနေပါတယ်။ မြန်မာနိုင်ငံအပေါ်အရေးယူမှု၊ဒဏ်ခတ်မှု၊ရှုတ်ချမှု တွေကို ကျွန်တော်တို့လက်မခံပါဘူး။ ၊ဘာဖြစ်လို့လည်ဆိုရင်ဒဏ်ခတ်မှုအရေးယူမှုတွေဟာအပြုသဘောမဆောင်ဘူး၊ကောင်းတဲ့ရလဒ်တွေကိုမပေးနိုင်ပါဘူး။နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးရမယ်၊ ကောင်းတဲ့အကြံအဉာဏ်တွေ ပေးရပါလိမ့်မယ်။ဒေါ်အောင်ဆန်းစုကြည်ကပြောတဲ့အတိုင်းမြန်မာနိုင်ငံရင်ဆိုင်နေတဲ့ပြဿနာတွေကိုမြန်မာပြည်သူပြည်သားတွေအတွက်မြန်မာနိုင်ငံရဲ့အစိုးရကပဲ ဖြေရှင်းသင့်ပါတယ်၊ ဘာဖြစ်လို့ဆိုတော့မြန်မာနိုင်ငံအကြောင်း မြန်မာအစိုးရကသာ ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ အသိဆုံးဖြစ်လို့ပါပဲ။”ဟု Dr. NikolayListopadov ကဆိုသည်။
ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများကိစ္စနှင့် ပက်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား မြန်မာနိုင်ငံကိုအပြည်ပြည်ဆိုင်ရာတရားရုံး ၌ တရားစွဲဆိုထားသည့်အတွက် မြန်မာနိုင်ငံံ၏ အကျိုးစီးပွားကိုကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံ၊ The Hague မြို့သို့ စေလွှတ် မည့် အဖွဲ့တစ်ဖွဲ့ကိုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဦးဆောင်သွားရောက်ရန်ရှိနေခြင်းဖြစ်သည်။