တရားဥပဒေစိုးမိုးမှုကို မထီမဲ့မြင်ပြုလုပ်နေသည့် ဝရမ်းပြေးများအရေး လွှတ်တော်တွင်မေးခွန်းမေး

နိုင်ငံတော်ကို မထိလေးစားလုပ်နေသော လုပ်ရပ်ဖြစ် ဟု NLD အမတ်ဝေဖန်

နေပြည်တော်၊နိုဝင်ဘာ ၅ရက်

တရားဥပဒေစိုးမိုးမှုကို မထီမဲ့မြင်ပြုလုပ်နေသည့် ဝရမ်းပြေးများအရေးကိစ္စကို NLD အမတ်တစ်ဦးက လွှတ်တော်တွင်ယနေ့ မေးခွန်းထုတ်ခဲ့သည်။

နာမည်ကြီးဘုန်းကြီးတစ်ပါး၊နာမည်ကြီးသူဌေးတစ်ဦးစသည်ဖြင့် ဝရမ်းပြေးများ တစ်နေ့တစ်ခြား များနေသည်ကို ဥပမာပြထောက်ပြကာ မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

“ဝရမ်းပြေးတွေများနေတာကိုက နိုင်ငံတော်ကို မထိလေးစားလုပ်နေတာ။တရားစီရင်ရေးအပေါ် မလေးမစားလုပ်နေတာ“ဟု NLD အမတ်ဦးထွန်းထွန်းက ဝေဖန်လိုက်ကာ ဝရမ်းပြေးများ ထွက်ပြေးလွတ်မြောက်မှု များပြားလာခြင်းကိစတွင်္စ ရဲတပ်ဖွဲ့ ၊ တရားသူကြီး၊ အစိုးရရှေ့နေ၊ ဥပဒေအရာရှိများ၏ တာဝန်လစ်ဟင်းမှုကြောင့် ဟု ထောက်ပြခဲ့သည်။

“သာဓကအားဖြင့်ပြရရင် ၂၀၁၇ မေ ၁၃ ရက်နေ့က ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ် မြယာကုန်းရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူရန်လှုံ့ဆောင်မှုဖြစ်စဉ် မှာပါဝင်တဲ့လူတစ်ဦးကို ပုဒ်မ ၅၀၅ (ဂ)၊ ပုဒ်မ ၃၄ တို့နဲ့ တရားစွဲဆိုဖမ်းဝရမ်းထုတ်ထားခဲ့ပေမယ်လို့ ချက်ချင်းမဖမ်းဆီးနိုင်ခဲ့ပါဘူး။ ၎င်းဖြစ်ရပ်နောက်ပိုင်းကာလတွေမှာပြုလုပ်တဲ့ ဆန္ဒပြပွဲတစ်ခုမှာ သူဟာ ရှေ့ဆုံးကပါဝင်ဆောင်ရွက်နေတာကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်များရဲ့ရှေ့မှောက်မှာပင် တွေ့မြင်နေရပြီး အဲ့ဒီတုန်းကလည်း မဖမ်းခဲ့သလို ကနေ့ထိတိုင်အောင်လည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခြင်းမရှိသေးပါဘူး” ဟု ဦးထွန်းထွန်းဦးက ပြောသည်။

ယင်းအပြင် မိုးထိမိုးမိကိစ္စနှင့်ပါတ်သတ်ပြီး ဝရမ်းထုတ်ခံရသူ စိုးထွန်းရှိန် ကိစ္စကိုလည်း ဦးထွန်းထွန်းဦးက “မနှစ်ကတည်းက ဖမ်းဝရမ်းထုတ်ဆင့်ထားတဲ့ မိုးထိမိုးမိဝရမ်းပြေးဆိုရင် ပြီးခဲ့တဲ့အောက်တိုဘာ ၁၄ ရက်နေ့က ဘန်ကောက်လေဆိပ်မှာတွေ့လို့ တာဝန်သိပြည်သူတစ်ဦးကတင်ပြမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အခုမှထိုင်းကိုစေလွှတ်ပြီး သွားရှာဖွေဖို့လုပ်ဆောင်နေတာကလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်” ဟု ပြောသည်။

တည်ဆဲဥပဒေများတွင် ဥပဒေပါအတိုင်းမလိုက်နာသူများကို၊ဥပဒေအတိုင်းလိုက်ပါ အကောင်အထည်မဖော်သူများကို မည်သို့သော ပြစ်ဒဏ်ချမှတ်ရမည်ဟု အတိအလင်းပြဌာန်းထား၍ ဝရမ်းပြေးများမဖမ်းနိုင်သည့်ကိစ္စနှင့်ပါတ်သတ်ပြီး တာဝန်ရှိသူများကို အရေးယူရန်လည်းဦးထွန်းထွန်းဦးက တိုက်တွန်းခဲ့သေးသည်။

Myanmar Harp

Exit mobile version