PP001
ရန်ကုန်၊ နိုဝင်ဘာ ၂၄
ရခိုင်ပြည်နယ်ဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ၏ အစီအရင်ခံစာအရ တပ်မတော်သားများ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်လျှင် တပ်မတော်အက်ဥပဒေဖြင့်သာ အရေးယူသွားမည်ဖြစ်ကြောင်း ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်ကပြောသည်။
နိုဝင်ဘာ ၂၄ ရက် ၊နေပြည်တော်တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။
“တပ်မတော်သားတွေ ပြစ်မှုကျူးလွန်လို့ရှိရင် ၁၉၅၉ တပ်မတော်အက်ဥပဒေရှိပါတယ်။ ဒီအက်ဥပဒေအတိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု၎င်းကဆိုသည်။
အရပ်ဘက်သို့ လွဲပြောင်းပေးရမည်ဆိုပါကလည်း ဖြစ်စဉ်ပေါ်မူတည်၍ တပ်မတော်အက်ဥပဒေ ပုဒ်မ ၇၂ အရသာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
တပ်မတော် အက်ဥပဒေ ပုဒ်မ ၇၂ အရ တန်းပြည့်စစ်မှုထမ်းချိန်၊နိုင်ငံပြင်ပတွင်ရှိချိန်၊နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် နယ်စပ်စစ်စခန်းတွင် တာဝန်ထမ်းဆောင်နေချိန်တို့တွင် ကျူးလွန်သော လူသတ်မှု၊လူသေမှု၊ မုဒိမ်းမှုများ မဟုတ်မှသာ နယ်ဘက်တရားရုံးများတွင် တရားစီရင်နိုင်ကြောင်း သိရသည်။
“အဲဒီအခြေအနေမျိုးဆိုရင်တော့ နယ်ဘက်ကိုလွဲှပြောင်းပေးမယ်။ဒါပေမယ့် တပ်မတော်သားတစ်ယောက်က ပြစ်မှုကျူးလွန်တာတော့ တပ်မတော် အက်ဥပဒေ …၊ ကျွန်တော်တို့ရဲ့ ဥပဒေကလည်း နိုင်ငံတကာ စံချိန်စံညွှန်း တွေနဲ့ အညီဖြစ်ပါတယ်။ ဒါလည်း ၁၉၁၁ ခုနှစ် အိန္ဒိယ အက်ဥပဒေကိုယူပြီးတော့မှ ကျွန်တော်တို့ ..၊ ယခုလည်း အိန္ဒိယမှာ အဲဒီအက်ဥပဒေကို ကျင့်သုံးလျက်ရှိတယ်။ ကျွန်တော်တို့လည်း ကျင့်သုံးတယ်၊ သူတို့လည်း ကျင့်သုံးလျက်ရှိတယ်။အတူတူပဲ။ဘာမှမှ ကွဲပြားမှုမရှိဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ ဥပဒေက စံချိန်စံညွှန်းမီတယ်။ဒါကြောင့်မို့လို့ တပ်မတော်သားကျူးလွန်တဲ့ ပြစ်မှုမျိုးဆိုလို့ရှိရင် ၁၉၅၉ တပ်မတော်အက်ဥပဒေအရ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်သောင်းနိုင်ကပြောသည်။
ရခိုင်ပြည်နယ်ဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ၏ အစီအရင်ခံစာကို ယခုနှစ်မကုန်မီ ထုတ်ပြန်ကြေညာရန်လည်း ရှိနေခြင်းဖြစ်သည်။
အင်ဒင်းရွာလူသတ်မှု ဖြစ်စဉ်တွင် တပ်မတော်ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ခဲ့သော တပ်မတော်သားများကို သတ်မှတ်ချိန် မပြည့်မီပြန်လည် လွှတ်ပေးခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းက သံသယနှင့် ဝေဖန်မှုများရှိနေခြင်းအပေါ်တွင်လည်း နောင်ပြုလုပ်မည့် ခုံရုံးများ၏ ဆောင်ရွက်ချက်ကို စောင့်ကြည့်ရန် ဗိုလ်ချုပ်သောင်းနိုင်က ဆိုသည်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ် ဖြစ်ပွားပြီးကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသည်ဆိုသော စွပ်စွဲမှု များရှိနေခြင်းအတွက် ICOE ကို အမျိုးသမီးအခွင့်အရေးလှုပ်ရှားဆောင်ရွက်နေသူ ထင်ရှားသော လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်သော ဖိလစ်ပိုင်နိုင်ငံမှ သံအမတ်ကြီး Manalo ကိုကော်မရှင် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်စေခဲ့ပြီး ဒုတိယဥက္ကဋ္ဌ အဖြစ် ကုလသမဂ္ဂဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဂျပန်သံတမန် Oshima ကို တာဝန်ပေးခဲ့ကာ စုံစမ်းစစ်ဆေးစေခဲ့သည်။
ICOE ကော်မရှင်တွင် ပြည်ပပညာရှင် ၂ဦးအပြင် ပြည်တွင်းမှ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌဟောင်း ဦးမြသိန်းနှင့် UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် တို့ပါဝင်သည်။