ဒေါ်ထုမေ၏ မေးခွန်းထဲ ကန့်သတ် ထားသည့် စစ်ပွဲရှောင် ဆိုသည့် စကားလုံးပါ လာသည့် အတွက် ထည့်သွင်းမပြောရန် အမျိုးသား လွှတ်တော်ဥက္ကဌ တားမြစ်

လွှတ်တော်တွင် စစ်ပွဲ၊စစ်ပွဲရှောင် စကား လုံးပါလာတိုင်း တပ်က ကန့်ကွက် လေ့ရှိ

နေပြည်တော်၊စက်တင်ဘာ ၁၂

ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေ မေးမြန်းမည့် မေးခွန်းထဲကန့်သတ်ထားသည့် စစ်ပွဲရှောင်ဆိုသည့် စကားရပ်ပါလာသည့်အတွက် မေးခွန်းမေးလ ျှင် ထိုစကားရပ် ထည့်သွင်းမပြောရန် အမျိုးသားလွှတ်တော်ဥက္ကဌ က ကြိုတင်တားမြစ်ခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်အတွင်း ယင်းဖြစ်ရပ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေသော စစ်ဘေးရှောင် တိုင်းရင်းသားများနေရပ် ပြန်နိုင်ရေးနှင့် စပ်လျဉ်းသည့် မေးခွန်းမမေးမှီ အစီအစဉ်အစမှပင် အမျိုးသားလွှတ်တော်ဥက္ကဌ က တားမြစ်လိုက်ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်၏ တရားဝင် စာမျက်နှာတွင်လည်း ယင်းမေးခွန်းကို ကြိုတင် ဖော်ပြထားသည်။

“ကျင်းပပြီးစီးသွားပြီဖြစ်တဲ့ အစည်းအဝေးတစ်ခုမှာ စစ်ပွဲ၊စစ်ပွဲရှောင် အသုံးအနှုန်းများကို တိုက်ပွဲတိုက်ပွဲရှောင် ဆိုပြီး သုံးနှုန်းဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ဒါ့ကြောင့် ကိုယ်စားလှယ်တော်ကြီး မေးခွန်းမေးတဲ့အခါ ဒီစကားရပ်ကို ရှောင်ဖို့ ပြောလိုပါတယ်“ဟု အမျိုးသားလွှတ်တော်ဥက္ကဌ ကပြောသည်။

ဒေါ်ထုမေကလည်း မေးခွန်းမေးစဉ် စစ်ပွဲ၊စစ်ပွဲရှောင် အသုံးအနှုန်းကို ရှောင်ရှားပြီး တိုက်ပွဲ တိုက်ပွဲရှောင်ဟူ၍ သုံးနှုန်းသွားခဲ့သည်။

လွှတ်တော်တွင် စစ်ပွဲ၊စစ်ပွဲရှောင် စကားလုံးပါလာတိုင်း တပ်က ကန့်ကွက်လေ့ရှိရာ နောက်ပိုင်းတွင် လွှတ်တော်အကြီးအကဲများကိုယ်တိုင်က တပ်မကြိုက်သည်များကို မပြောရန် တားမြစ်ပေးရသည်အထိ ဖြစ်သွားခဲ့သည်။
Myanmar Harp

Exit mobile version