PP003
နေပြည်တော်၊နိုဝင်ဘာ ၁၄
ပြည်သူ့မျက်နာထောက်ထားပြီး NCA လက်မှတ်ထိုးကြဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယနေ့နှိုးဆော်လိုက်သည်။
NCAလက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေနှင့် ငြိမ်းချမ်းရေးကို ဆန့်ကျင်သည့် ဥပဒေမဲ့လုပ်ရပ်များကို စွန့်လွှတ်၍ ပြည်သူ့မျက်နာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းပေါ်မှာ လျှောက်လမ်းကြဖို့ထပ်မံဖိတ်ကြားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။.
နိုဝင်ဘာ ၁၄ ရက် နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့်အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ဆွေးနွေးဝိုင်းဖွင့်ပွဲအခမ်းအနားတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့နိုင်ငံဟာပြည်သူများရဲ့ဆန္ဒအတိုင်းဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့လိုလားချက်တွေကိုလက်နက်ကိုင်ပြီးတောင်းဆိုနေလို့မဖြစ်ပါဘူး။ လက်နက်ကိုဘေးချပြီးဆွေးနွေးမှုများနဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။
ငြိမ်းချမ်းရေးကိုအမှန်တစ်ကယ်လိုချင်သည့် စိတ်ရှိမည်ဆိုပါက ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိကြောင်း၊ NCAစာချုပ်မှာလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေ့ရှု့ပြီးမှန်ကန်သော မေတ္တာစေတနာများဖြင့် ရှေ့ဆက်ပြီး လျောက်လှမ်းနိင်ကြလိမ့်မည်ဟု ပြည်သူအများက မျှော်လင့်နေကြသကဲ့သို့ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ဘာသာရေးကိုခုတုံးလုပ်ပြီးမတည်မငြိမ်ဖြစ်အောင် မဆောင်ရွက်သင့်သလို လှုံ့ဆော်မှုမျိုးကိုလည်းအားမပေးသင့်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ဆွေးနွေးဝိုင်းဖွင့်ပွဲအခမ်းအနားတွင် တိုက်တွန်းခဲ့သည်။