ဆွေးနွေးမှုပယ်ဖျက်တဲ့အတွက် အမေရိကန်အသက်တွေ ပိုပေးရလိမ့်မယ်လို့ တာလီဘန်ဘက်က ပြော
ဝါရှင်တန်၊ စက်တင်ဘာလ ၉ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၁၈ နှစ်ကြာဖြစ်ပွားနေတဲ့ အမေရိကန်- အာဖဂန်စစ်ပွဲ စစ်ပြေငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးအတွက် တာလီဘန်ခေါင်းဆောင်တွေနဲ့ လျို့ဝှက်တွေ့ဆုံဖို့ စီစဉ်ထားမှုကို ပယ်ဖျက်လိုက်ပြီလို့ ဆိုပါတယ်။
ထရမ့်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အာဖဂန်သမ္မတ အာရှက်ဖ် ဂါနီ၊ တာလီဘန် အဆင့်မြင့်ခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားမှုကို ပယ်ဖျက်လိုက် ပြီလို့ ၎င်းရဲ့ တွဒ်တာလူမှုကွန်ယက်ကတစ်ဆင့် စက်တင်ဘာလ ၈ ရက်နေ့မှာ အသိပေး ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတဟာ တာလီဘန်ခေါင်းဆောင်တွေနဲ့ ကမ့်ဒေးဗစ်မှာ တွေ့ဆုံဖို့စီစဉ်ထား တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်စစ်သားတွေကို ပြစ်မှတ်ထားတဲ့ အသေခံဗုံးခွဲမှုကြောင့် ပယ်ဖျက်လိုက်တာလို့ ဆိုပါတယ်။
တာလီဘန်တွေဘက်ကတော့ အမေရိကန်အစိုးရဲ့ အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်သိမ်းတဲ့အတွက် အမေရိကန်ဘက်က အသက်တွေ ပိုမိုပေးဆပ်ရလိမ့်မယ်လို့ ခြိမ်းခြောက်စကားဆိုခဲ့ပါတယ်။
ယခင်က စီစဉ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ စက်တင်ဘာလ ၁၁ ရက် 9/11 တိုက် ခိုက်ခံရမှု နှစ်ပတ်လည်မတိုင်မီ ဆွေးနွေးဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အယ်ကိုင်းဒါး ခေါင်းဆောင်တဲ့ တာလီဗန်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ခံရအပြီး အာဖဂန်နစ္စတန်ကို ဝင်ရောက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်တွေက ပြခဲ့တဲ့ အကြောင်းပြချက်ကတော့ အဲ့ဒီအချိန်က အာဖဂန်ကိုအုပ်ချုပ်တဲ့ တာလီဘန်အစိုးရဟာ အကြမ်းဖက်မှုကို လုပ်ဆောင် တဲ့ အယ်လ်ကိုင်းဒါးတွေကို လက်ခံတာကြောင့်လို့ ဆိုပါတယ်။
တာလီဘန်သမ္မတ အာရှက်ဖ် ဂါနီကတော့ မကြာခင်ရက်ပိုင်းမှာ သမ္မတထရမ့်နဲ့ ကမ့်ဒေး ဗစ်မှာ သီးသန့် တွေ့ဆုံမှာဖြစ်ပြီး တာလီဘန်တွေဘက်က အာဖဂန်အစိုးရအဖွဲ့နဲ့ အပစ်ရပ်ရေး ကိစ္စ တိုက်ရိုက်ဆွေးနွေးမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို လျှောက်လှမ်းမှာဖြစ်တယ်လို့ အိမ်ဖြူတော်ဘက်က ပြောကြားထားပါတယ်။
“ကံမကောင်းစွာပဲ ကဘူးလ်( အာဖဂန်မြို့တော်) က တိုက်ခိုက်မှုအတွင်း မြင့်မြတ်တဲ့ အမေရိကန်စစ်သားတစ်ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားမှုကို ချက်ချင်းပယ်ဖျက်လိုက်တာပါ“ လို့ ထရမ့်က တွဒ်တာကနေ အသိပေးခဲ့ပါတယ်။
တာလီဘန်တွေဘက်ကတော့ ထရမ့်ရဲ့ တာလီဘန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှု ပယ်ဖျက် တယ်လို့ ကြေညာလိုက်အပြီးမှာ ပိုမိုများပြားတဲ့ အမေရိကန်အသက်တွေ ပေးဆပ်ရလိမ့် မယ်လို့ တုန့်ပြန်လိုက်ပါတယ်။
“ နှစ်ဘက်စလုံးက( အမေရိကန်နဲ့ တာလီဘန်) ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လက်မှတ်ရေး ထိုးနိုင်ဖို့အတွက် ပြင်ဆင်အလုပ်ရှုပ်နေခဲ့တာကြာပါပြီ။ အခု အမေရိကန်သမ္မတဘက်က ချက်ခြင်းကြီး အကြောင်းပြချက်မရှိ ဆွေးနွေးဖို့ ပယ်ဖျက်လိုက်ပါတယ်။ ဒီအကျိုးဆက် ကတော့ အမေရိကန်တွေရဲ့ အသက်တွေ ပိုမိုဆုံးရှုံးမှာပေါ့´´ လို့ တာလီဘန်ဘက်က ပြော ရေးဆိုခွင့်ရှိသူ Zabihullah Mujahid က တုန့်ပြန်ပြောကြားခဲ့ပါတယ်။
Myanmar Harp
ကိုးကား – BBC/ Reuters