ရန်ကုန်၊နိုဝင်ဘာ ၂၂
ဗုဒ္ဒကလျာဏယုဝအသင်း YMBA၏ အဆောက်အဦကို တပ်မတော်ကပြန်ဆောက်ပေးမည့် သတင်းကို အသင်းတွဲဖက်ဥက္ကဋ္ဌ ဦးစိန်သန်းက ငြင်းဆိုပြောကြားသည်။
“ကျွန်တော်တို့ YMBA အသင်းက ကျွန်တော်တို့ အမှုဆောင်များရဲ့ အလှူခံနဲ့ဆောက်မှာပါ။ကျွန်တော်တို့ တပ်မတော်နဲ့ လုံးဝမပတ်သက်ပါဘူး၊ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ရဲ့ အလှူခံနဲ့ ဆောက်မှာ ဖြစ်ပါတယ်။”ဟု ၎င်းကပြောသည်။
နိုဝင်ဘာ ၂၁ ရက်နေ့ ရွေတိဂုံဘုရားတောင်ဘက်မုဒ်ရှိ တပ်မတော်ဓမ္မာရုံတွင် YMBA အသင်းကပြုလုပ်သော ၉၉နှစ်မြောက်အမျိုးသားအောင်ပွဲနေ့၊သက်ကြီးပူဇော်ပွဲနှင့် မြန်မာစာထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
အဆောက်အဦး ပြန်လည်တည်ဆောက်နိုင်ရန် ပြီးခဲ့သည့် ဖော်ဖော်ဝါရီလ အတွင်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဂရန်မရှိသေးသော အသင်းပိုင်နေရာအား ဂရမ်လျောက်ထားခဲ့သည်မှာလည်း ၁၀လကျော်ကြာမြင့်ပြီဖြစ်ကြောင်း ဦးစိန်သန်းကပြောသည်။
“ဂရမ်ရရင်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လျောက်မှာဖြစ်ပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ မသက်ဆိုင်ပါဘူး။ အဆောက်အဦးဆောက်ဖို့ လှူဒါန်းမှုလည်း မရှိပါဘူး။ဒီနေ့ သိန်းတစ်ရာလှူတာ ဒီတစ်ခါပဲရှိဖူးပါတယ်။သိန်းတစ်ရာဆိုတာ တရားဝင် ကာကွယ်ရေးမိသားစုများပေါ့၊တပ်မတော် ကြည်းရေလေ မိသားစုများလှူဒါန်းပဲရှိပါတယ်။တစ်ခြားဘာမှ မရှိပါဘူး”ဟု
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ YMBA အသင်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို မဟာမင်္ဂလာဓမ္မဇောတိကဓဇဘွဲ့ ပေးအပ်ခဲ့ကာ ရာသက်ပန်ဂုဏ်ထူးဆောင် နာယကအဖြစ်ခန့်အပ်ခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ဗုဒ္ဓကလျာနယုဝအသင်း(YMBA) ၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက ဖြစ်လာပြီးနောက် အသင်းရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် အဆောက်အဦပြုပြင်မွမ်းမံခြင်းအပါအဝင် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်းသတင်းများထွက်ပေါ်ခဲ့သည်။
ဗုဒ္ဓကလျာနယု၀ အသင်းကြီသည် လွတ်လပ်ရေးမရမီ ၁၉၀၆ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ သည့် အသင်းဖြစ်ပြီး လက်ရှိအချိန်တွင် နှစ်ပေါင်း ၁၁၃နှစ် သက်တမ်းရှိပြီဖြစ်သည်။