မူးယစ်ဆေးဝါးမဟုတ်ဟု ဓါတုဝန်ရုံးက ပြန်ကြားလာ၍ဖြစ်
ရန်ကုန်၊အောက်တိုဘာ ၉ရက်
ရန်ကုန်မြောက်ပိုင်းခရိုင် အမှတ်(၄)မူးယစ်တပ်ဖွဲ့စုက တေးသံရှင်ဖြိုးပြည့်စုံ၊တေးသံရှင် ရော်နီစန်းလွင် နှင့် လူငယ်စာရေးဆရာငြိမ်းချမ်းကို တို့ကို အောက်တိုဘာ ၇နေ့ ညနေပိုင်းက မူးယစ်သံသယ ရှိမှုဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဗဟန်းမြို့နယ်ရဲစခန်းတွင် တရားလိုလုပ်ကာ မူးယစ်မှုဖြင့် အမှုဖွင့်လှစ်ထားသော်လည်း အမှုမမြောက်၍ ယနေ့တွင် ပြန်လည်လွှတ်ပေးလိုက်သည်ဟု သိရသည်။
“လွှတ်ပေးတာကို အတည်ပြုပါတယ်၊ဥပဒေနဲ့ အညီ လွှတ်ပေးခြင်းဖြစ်ပါတယ်”ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးသိန်းဝင်းကပြောသည်။
ဗဟန်းမြို့မရဲစခန်းတွင် တရားစွဲဆိုထားသော တေးသံရှင် ဖြိုးပြည့်စုံပါ ၃ ဦးအား ဓာတုဗေဒဝန်ရုံးမှ ပြန်ကြားချက်အရ မူးယစ်ဆေးဝါးမဟုတ်ခြင်းအရလည်းကောင်း ဥပဒေမှ တရားစွဲဆိုရန် မသင့်ကြောင်း အကြံပြုချက်အရလည်းကောင်း အောက်တိုဘာ ၉ ရက် ညနေ ၃နာရီခွဲအချိန်တွင် ကျင့် ၁၆၉ အရ အချုပ်မှ လွှတ်ကြောင်းသိရသည်။
မူးယစ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အဆင့်ရှိသူ၏ တရားလိုလုပ်တိုင်တန်းချက်အရ ဗဟန်းမြို့မရဲစခန်းက မယ(ပ)၄၄/၂၀၁၉ ၊မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကာ မူးယစ်ဆေးသုံးထားခြင်း ရှိ၊မရှိ၊ရှာဖွေတွေ့ရှိထားသော ဆေးပြားများသည် မူးယစ်ဆေးပြားများဟုတ်၊မဟုတ် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းရာမှတဆင့် ဆေးပြားများသည် မူးယစ်ဆေးမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။