PP003
ရန်ကုန်၊ နိုဝင်ဘာ ၂၅
ပြည်ခိုင်ဖြိုးအနေဖြင့်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဝေဖန်နေခြင်းမှာ ရှုံးမှာ ကြောက်သည့်အတွက် ဝေဖန်နေခြင်းမဟုတ်ကြောင်း ပါတီပြောရေးဆိုခွင့် ရှိသူ ဦးလှသိန်းကဆိုသည်။
“ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ယုံပါတယ်။ လူဆိုတာက မိမိကိုယ်ကိုယ် မိမိယုံကြည်မှုရှိမှပဲရမယ်။ မိမိကိုယ်ကိုယ် မိမိ ယုံကြည်မှုရှိမှသာ ဘာတစ်ခုမှမလုပ် နဲ့။ ဘာတစ်ခုမှ ရမှာမဟုတ်ပါဘူး။ အဲဒီလိုပဲ ကျွန်တော်တို့ပါတီမှာလည်း ကျွန်တော်တို့ပါတီကို ၁၀၀ရာခိုင်နှုန်း ယုံကြည်မှုအပြည့်ရှိပါတယ်” ဟု ၎င်းကပြောသည်။
နိုဝင်ဘာ ၂၅ရက်နေ့၊ ရန်ကုန်မြို့၊ အော့ခစ်ဟိုတယ်တွင် ကျင်းပသည့် နိုင်ငံရေးပါတီများ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတာဝန်ယူထားသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဖက်ပါတီများက အယုံအကြည်မရှိကြောင်း ပြောဆိုထားကြပြီး ကော်မရှင်နှင့်ပတ်သက်၍ ကြေညာချက်များလည်း ထုတ်ထားသည်။
ယင်းအပြင် ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံရေးပါတီ ၂၀ က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှင့် ပတ်သက်၍ ယင်းကဲ့သို့ ဆက်လက်ဝေဖန်နေပါက ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိတော့မည်မဟုတ်ကြောင်း ကော်မရှင်ဘက်က ကြေညာချက်ထုတ်ကာ သတိပေးခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပါတီ ၁၉၉၀အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅အထွေထွေရွေးကောက်ပွဲများတွင် ၎င်းတို့ပါတီက ဖွဲ့ပေးထားသည့် ရွေးကောက်ပွဲကော်မရှင်မဟုတ်ဘဲ ရိုးသားစွာ ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြောင်း ဒီချုပ်ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောဆိုထားသည်။
ယင်းအပြင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နေရာစုံ ဝင်ပြိုင်မည်ဖြစ်ပြီး မည်သည့်ပါတီနှင့်မျှ နေရာခွဲဝေယှဉ်ပြိုင်မည်မဟုတ် ကြောင်း ဦးလှသိန်းကဆိုသည်။