ဘူဆန်၊နိုဝင်ဘာ၂၆ရက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ဘူဆန်မြို့တွင် ယနေ့ပြုလုပ်သည့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံတွေ့ဆုံပွဲနှင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ မစ္စတာမွန်ဂျေအင်းနှင့် အတူ တက်ရောက်ကာ နှစ်နိုင်ငံ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့သည်ဟု သိရသည်။
စာချုပ်ချုပ်ဆိုပွဲမကျင်းပမှီ တောင်ကိုရီးယားသမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့ တွေ့ဆုံရာတွင် နိုင်ငံတော်အတိုင်ပင်ခံက နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ဆက်လက်တိုးတက်ခိုင်မာစေရေး၊ မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် သမ္မတ မစ္စတာမွန်ဂျေအင်း၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား သဘောတူခဲ့သောကိစ္စရပ်များ အကောင်အထည်ဖော်ရာတွင် တိုးတက်မှုအခြေအနေများ၊ ယဉ်ကျေးမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အခြေခံအဆောက်ဦနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးစွာ အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့်အတူ နှစ်နိုင်ငံအကြား “ရေလုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ”၊ “နည်းပညာနှင့် သက်မွေးဝမ်းကျောင်းပညာ ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ”နှင့် “ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် ဘက်စုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ” များ လက်မှတ်ရေးထိုးပွဲကို တက်ရောက်အားပေးခဲ့ကြသည်။
Myanmar Harp