PP001
ရန်ကုန်၊နိုဝင်ဘာ ၁၄
နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် မြန်မာ့ခေါင်းဆောင်များကို နိုင်ငံတကာ အဖွဲ့အစည်းအချို့က အာဂျင်တီးနားနိုင်ငံတွင် တရားစွဲဆိုမှုမှာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်၍ အာဏာရ NLDပါတီက ကန့်ကွက်ကြောင်းပြောဆိုလိုက်သည်။
“နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာကို ကျော်လွန်တောင်းဆိုမှုတွေဖြစ်ပါတယ်။နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးနေတဲ့တောင်းဆိုမှုဖြစ်တဲ့အတွက် လိုက်လျောနိုင်မှာ မဟုတ်ပါဘူး၊အချုပ်အခြာကို ထိပါးနေတဲ့ လုပ်ရပ်ဖြစ်တဲ့ အတွက် ဆန့်ကျင်ပါတယ်၊ကန့်ကွက်ပါတယ်” NLD ပါတီ ပြောရေးဆိုခွင့် ဒေါက်တာမျိုးညွှန့်ကပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊သမ္မတဟောင်း ဦးထင်ကျော်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း ခေါင်းဆောင် အများအပြားကို ဘင်္ဂ ါလီများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ဘင်္ဂါလီနှင့်လက်တင်အမေရိက လူ့အခွင့်ရေး အဖွဲ့များက စွပ်စွဲပြီး နိုဝင်ဘာ ၁၃ ရက်နေ့က အာဂျင်တီးနား တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါလုပ်ရပ် သည် ခိုင်လုံသော အထောက်အထားမရှိဘဲ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ သက်ဆိုင်ရာနိုင်ငံက လူအခွင့်အရေးချိုးဖောက်မှုများကို တာဆီးကာကွယ်ရန် တာဝန်ပျက်ကွက်မှသာ ယခုကဲ့သို့ ဆောင်ရွက်သင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသွားးသူများ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် စာချုပ်များချုပ်ဆိုကာ ပူးပေါင်းဆောင်ရွက် နေသည့်ကို မသိကျိုးကွံျပြု၍ ဖိအားပေးနေခြင်းသာ ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်ကပြောသည်။
“ဒုက္ခသည် အတွက် ကြိုးပမ်းကူညီပေးရမယ့် အစားနိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံကို အကျပ်အတည်းဖြစ်အောင် လုပ်တာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ပေါင်းကာ မြန်မာနိုင်ငံအပေါ်ဖိအားပေးနေခြင်း ဖြစ်သဖြင့် နိုင်ငံ၏ စီးပွားရေး၊လူမှုရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိခိုက်မှု တစ်စုံတရာ ဖြစ်စေနိုင်ကြောင်း ၎င်းကသုံးသပ်ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်သူများကို အရေးယူနိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်များ ဖွဲ့စည်းကာ ဆောင်ရွက်နေများကိုလည်း မျက်ကွယ်ပြုထားကြောင်း ၎င်းကဆိုသည်။
နိုင်ငံတကာ စီရင်ပိုင်ခွင့် (universal jurisdiction) မူ အရ အာဂျင်တီးနားနိုင်ငံတွင် တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူများ၊ အကူညီပေးသူများနှင့် ဖုံးကွယ်ရန် လုပ်ဆောင်သူများကို ရာဇဝတ်ပြစ်မှုဖြင့် တရားစွဲဆိုနိုင်ရန် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း တရားလိုရှေ့နေ Tomas Ojea က AFP သတင်းဌာနကို ပြောကြားထားသည်။