PP001
ရန်ကုန်၊နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် သွားရောက်ရင်ဆိုင် ဖြေရှင်းမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား NLDပါတီက လူထုထောက်ခံပွဲများ လုပ်မည်ဖြစ်ကြောင်းသိရသည်။
“သူသွားမယ့် ကိစ္စကလည်း ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်၊အဲတော့ သူရဲ့လုပ်ရပ်ကို ထောက်ခံကြောင်းပြသတဲ့ လုပ်ငန်းစဉ်တစ်ခုတော့ ကျွန်တော်တို့ဆုံဖြတ်ထားတာရှိပါတယ်။ အဓိကတော့ ကျွန်တော်တို့ရပ်ရွာလူထုကနေပြီးတော့ ထောက်ခံကြောင်းပြမယ်။ဘာသာပေါင်းစံုံ ပူးပေါင်းပြီးတော့လုပ်မယ်။ တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီးလုပ်မယ်။ ဒီပွဲတွေမှာ ကျွန်တော်တို့က ပံ့ပိုးတဲ့ အလုပ်လုပ်ပါမယ်။”ဟု NLD ပါတီ ပြောရေးဆိုခွင့် ဒေါက်တာမျိုးညွန့်ကပြောသည်။
နိုဝင်ဘာ ၂၃ရက်နေ့တွင် ပြုလုပ်သော NLD ပါတီ ဗဟိုအလုပ်အမှုအဆောင်အစည်းအဝေးတွင် ၎င်းက သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့်လည်း ကြေညာချက်ထုတ်ပြန်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နိုင်ငံအတွက် ဆောင်ရွက်ချက်များကို ပါတီဝင်လူထုတစ်ရပ်လုံးက ထောက်ခံကြောင်း ပြသမည်ဟု ၎င်းကဆိုသည်။
“အဲဒီနေရာမှာကျွန်တော်တို့ သတိထားရမှာက နိုင်ငံမှာ အရေးကြီးတဲ့ ကိစ္စတွေပေါ်လာတိုင်းမှာ ဒီကိစ္စကို အဖျက်လုပ်ငန်းအရ ဆောင်ရွက်တာတွေလည်းရှိပါတယ်။ အထူးသဖြင့် ဘာသာရေးအဓိကရုဏ်းတွေ ပေါ်လာမှာမျိုး၊တစ်ခြားလူမျိုး ဘာသာမတူတဲ့သူတွေ မုန်းတီးအောင်လှုံ့ဆော်တာတွေအပေါ်သတိထားပြီးတော့ ကျွန်တော်တို့ ရှောင်ရှားဖို့ဆိုတာကိုလည်း တစ်ပြိုင်တည်းပြောမှာဖြစ်ပါတယ်”ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်။
မြန်မာပြည်သူများသိသော ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးအခင်းနှင့် အပြည်ပြည်ဆိုင်ရာတွင် ကမ္ဘာ့ပြည်သူများသိနေသည့် အကြောင်းအရာ အလွန်ကွာခြားကြောင်း၊ ယခုခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကမ္ဘာ့ပြည်သူများကို အဖြစ်မှန်အား အချက်အလက်ခိုင်လုံစွာဖြင့် ဖြေရှင်းပေးနိုင်မည် ဟုယုံကြည်ကြောင်း၎င်းကဆက်လက်ပြောသည်။
ယင်းအပြင် နယ်သာလန်နိုင်ငံ၊ The Hague မြို့ရှိ နိုင်ငံတကာတရားရုံး(ICJ)တွင် မြန်မာနိုင်ငံအခြေအနေများကို လာရောက်တင်ပြမည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုထောက်ခံရန်လည်း နယ်သာလန် ရောက်မြန်မာများ က ပြင်ဆင်နေကြသည်။
အစိုးရအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် သွားရောက်ရင်ဆိုင်မယ့်ကိစ္စနှင့် ပတ်သက်၍ အထူးဆွေးနွေးပွဲတစ်ခုကိုလည်း နိုင်ငံတော် သမ္မတအိမ်တော်တွင် နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
ထိုဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ် ရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ အပါအဝင် အစိုးရ၊တပ်မတော်ခေါင်းဆောင်များ စုံစုံလင်လင်တက်ရောက်ခဲ့ကြသည်။
ICJ ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သဟေ့ဂ်မြို့သို့ မြန်မာနိုင်ငံကိုယ်စားပြု စေလွှတ်မယ့်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်ဟု ကြေညာထားပြီး တပ်မတော်ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည်ဟု ပြောကြားထားသည်။
နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ကို ကိုယ်စားပြုပြီး အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်သော ဂမ်ဘီယာက အမှုဖွင့်ခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာ ၁ဝ ရက်မှ ၁၂ ရက်ထိ နှစ်နိုင်ငံ၏ လျှောက်ထားချက်များကို ၃ ရက်တာ ကြားနာသွားမည်ဖြစ်ကြောင်းသိရသည်။