ပြည်ပအန္တရာယ်ဖြစ်၍ သွေးစည်းရမည်ဖြစ်သော်လည်း သမိုင်းတရားခံဖော်ထုတ်မည်ဟု အတိုက်ခံပါတီများပြော
PP001,003
ရန်ကုန်၊ နိုဝင်ဘာ ၂၅
ICJ ကိစ္စနှင့်ပတ်သက်၍ နိုင်ငံသားအားလုံး တသားတည်း ရပ်တည်ထောက်ခံကြရမည့်အချိန်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နိုဝင်ဘာ ၂၅ရက်တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။
အစိုးရ၏ ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံအနေဖြင့် တရားစွဲဆိုမှုမှ ကင်းလွတ်သည်ဟု ယုံကြည် ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ တရားစွဲဆိုခံထားရမှုကို တုန့်ပြန် ဖြေရှင်းသွားမည်ဖြစ် ကြောင်းလည်း ဖော်ပြထားသည်။
ယင်းကဲ့သို့ နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နိုင်ငံခေါင်းဆောင်၏ တာဝန်ယူဆောင်ရွက်မှုကို နိုင်ငံသားအားလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ ရပ်တည်ထောက်ခံကြရမည်ဟု လေးနက်စွာယုံကြည် ကြောင်း၊ နိုင်ငံတော်တစ်ခုလုံး၏ အကျိုးစီးပွားနှင့် သက်ဆိုင်သော ကိစ္စဖြစ်သောကြောင့် ဘာသာတရားအချင်းချင်း၊ လူမျိုးအချင်းချင်းနှင့် အဖွဲ့အစည်းအချင်းချင်းအကြားရှိ အမုန်းတရားနှင့် ပတ်သက်သော ဒွိဟသံသယတို့ကို ဖယ်ရှားလျက် နိုင်ငံသားအားလုံးအကြား တစ်သားတည်းရပ်တည် ထောက်ခံ ကြရမည့် အချိန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
နိုဝင်ဘာ ၂၅ရက်နေ့၊ ရန်ကုန်မြို့၊ အော့ခစ်ဟိုတယ်တွင် ကျင်းပသည့် ကြံခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီများ၏ သတင်းစာရှင်းလင်းပွဲ၌ အတိုက်အခံပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ အမျိုးသာဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွှန့် က
“ကျွန်တော်တို့တိုင်းပြည်က အခုလို ပြည်ပအန္တရာယ်တွေကြုံရင် ကျွန်တော်တို့က ပြည်ပ အန္တရာယ်ဖြစ်တဲ့ အခြေအနေတစ်ရပ်နဲ့ ကြုံတဲ့ကိစ္စမှာ ကျွန်တော်တို့နိုင်ငံရေးပါတီတွေသာမဟုတ်ဘူး တစ်နိုင်ငံလုံးက သွေးစည်းညီညွတ်ခြင်း စိတ်ဓါတ်ကို ပြရမယ်။အဲတာက တစ်ချက် ၊နောက်တစ်ချက်က တစ်ကြိမ်တည်းမှာပဲ ကျွန်တော်တို့က ခံခဲ့ရပေါင်းများပြီ ဖြစ်တဲ့ အတွက် ကိုဖီအာနန်ကော်မရှင်ဖွဲ့ကတည်းက ၂၀၁၆ မှာ ဒီပေါ်ပေါက်လာမယ့် အကျိုးဆက်တွေကို ကျွန်တော်တို့ထောက်ပြတယ်။ ဒါကြောင့် ခုကိစ္စမှာလည်း ကျွန်တော်တို့က အစိုးရ အဆက်ဆက်က ပြည်တွင်းပြဿနာဖြစ်ရင် ဖြေရှင်းခဲ့တဲ့ပြဿနာကို ရခိုင်ပြည်နယ်ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း၊ရခိုင်ပြည်နယ် မွတ်ဆလင်အသိုင်းအဝိုင်း ဆိုတာကနေစလိုက်တဲ့ ဇာတ်လမ်းတွေက အစောက ကျွန်တော်ပြောသလိုပဲ အခုက ဂမ်ဘီယာနဲ့ ဖြစ်တာမဟုတ်ဘူး။ ဒီ OIC နိုင်ငံအားလုံးနဲ့ မွတ်ဆလင်နိုင်ငံအားလုံးနဲ့ ၅၇ နိုင်ငံနဲ့ ဖြစ်တဲ့ဟာကို အဲဒီလိုရောက်အောင် ဘယ်သူစပို့ခဲ့သလဲ ၊ဘယ်သူဒီကိစ္စကို ဖန်တီးခဲ့သလဲ ဆိုတဲ့ ဟာပေါ့။ တစ်ဖက်က ညီညွတ်ရေးလဲ ပြရမယ်။ တဖက်က တရားခံအစစ်ကိုလည်း သမိုင်းသင်ခန်းစာဖြစ်အောင် ဖော်ထုတ်ပြရမယ်။”ဟုဆိုသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ကိုင်တွယ် ဖြေရှင်းနိုင်ရန်ဆောင်ရွက်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆော် သည့် ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးမှု နိမ့်ကျနေသည့် ပြသနာများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတကာက လေးစားသည့် ကုလအထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်ကို ၂၀၁၆ခုနှစ်တွင်ဖွဲ့စည်း ခဲ့ပြီး ကိုင်တွယ်ဖြေရှင်းရန်ကြိုးစားခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း သဘောတူလက်မှတ်ရေးထိုးမှုများပြု လုပ်ခဲ့ကြောင်း၊ ပြည်လည်ရောက်ရှိလာသူများအား ကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးနိုင်ရေးအတွက် ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ အာဆီယံမိတ်ဖိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဒုသမ္မတ(၁)ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုဖွဲ့စည်း ခဲ့ပြီး အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း၊ သံအမတ်ကြီး Rasario Manalo ဦးဆောင်သည့် လွပ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) သည် ၂၀၁၈ခုနှစ်၊ ဇူလိုင်လာမှစတင်ကာ စုံစမ်းစစ်ဆေးမှုများကိုပြုလုပ် နေပြီး ယင်းအဖွဲ့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပိုင် ကော့ဇ်ဘဇားဒေသသို့ သွားရောက်စုံစမ်းမေးမြန်းခွင့်ရရှိရေး အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲဖြစ် ကြောင်း၊ ယင်းအဖွဲ့၏ အစီရင်ခံစာကို ယခုနှစ်မကုန်မီတင်သွင်းမည်ဖြစ်ပြီး အစီရင်ခံစာအရ သက်သေထင်ရှား ရှိသည့် ချိုးဖောက်မှုများ တွေ့ရှိပါက အစိုးရအနေဖြင့် ဥပဒေအရ လိုအပ်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။