ရန်ကုန်၊ နိုဝင်ဘာလ ၅ ရက်။
မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အမေရိကန်ပြည်ထောင်စုက ဆက်လက် ကူညီအား ပေးနေကြောင်းနှင့် အမေရိကန် ကုမ္ပဏီများအနေဖြင့်လည်း အလိုက်သင့် တုန့်ပြန် နေကြကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံအတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အမေရိကန် ကုမ္ပဏီတွေက အလိုက်သင့် တုံ့ပြန်နေကြပါပြီ။ မြန်မာနိုင်ငံအတွင်း ဒီပြုပြင်ပြောင်းလဲမှုတွေကို နည်းပညာအကူအညီတွေကတစ်ဆင့် အမေရိကန်ပြည်ထောင်စုက အားပေးကူညီပါတယ်။ မြန်မာနိုင်ငံအတွင်း အားလုံးပါဝင်နိုင်တဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို မြှင့်တင်ဖို့အတွက် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက ဒေါ်လာ ၁၆၅ သန်းတန်း အစီအစဉ်ရှိပါတယ်။ ဒါဟာ ဒေသတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အားလုံးအကျုံးဝင်တဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အမေရိကန် ပြည်ထောင်စုက ဆက်လက်အားပေး ကူညီနေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်” ဟု U.S. Embassy Rangoon က ယင်း၏ လူမှု ကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးထုတ်ပြန် ထားသည်။
နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး အကြံပေး Mr. Robert C.O´ Brien နှင့်လည်း အာဆီယံထိပ်သီးအစည်းအဝေးကျင်းပသည့် Impact Exhibition and Convention Center ၌ သီးသန့်တွေ့ဆုံခဲ့ရာ မြန်မာ – အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာလာရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် သားရဲတိရိစ္ဆာန်တရားမဝင်ရောင်းဝယ်မှုတားဆီးကာ ကွယ်တိုက်ဖျက်ရေး၊ ကောင်စစ်ရေးရာ ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေး၊ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား နှစ်နိုင်ငံသဘောတူ စာချုပ်နှင့်အညီ ပြန်လည်စိစစ်လက်ခံရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအဖွဲ့ အစည်းများဖြစ်သည့် UNHCR၊ UNDP တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများအပြင် ဒေသတွင်း နှင့် နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။
Myanmar Harp