ဈေးသစ်ဆောက်မည့်ကိစ္စအပေါ် ဈေးသူဈေးသားအများစုထောက်ခံကြသော်လည်း အချို့ က ဈေးဒီဇိုင်းပုံစံအား သဘောမတူကန့်ကွက်လျှက်ရှိ
ရန်ကုန်၊စက်တင်ဘာ ၂၄ရက်
တာမွေဈေးအသစ်တည်ဆောက်သွားမည့် ကိစ္စအပေါ် ဈေးသူဈေးသားအချို့ ကန့်ကွက်နေမှုများရှိနေသည့်အတွက် တည်ဆောက်ရေးစတင်နိုင်မည့် အချိန် ကြန့်ကြာလာနိုင်ကြောင်း တိုင်းအမတ်တစ်ဦးနှင့် ဈေးတည်ဆောက်လိုသူများက မှတ်ချက်ပြုကြသည်။
ရန်ကုန်မြို့အတွက် စံပြဈေးအသစ်တစ်ခု ဖြစ်လာလိမ့်မည့် ဆိုထားသော ယင်းတာမွေဈေးသစ်ကို လပေါင်း ၃၀နှင့် အပြီး တည်ဆောက်သွားမည်ဟု စည်ပင်သာယာရေးအဖွဲ့က ပြောဆိုထားပြီး တည်ဆောက်ရေးလုပ်နေစဉ်အတွင်း ဈေးသူဈေးသားများအခက်အခဲ မရှိစေရန် ယာယီဈေးတစ်ခုကိုပင် တာဝန်ရှိသူများက လုပ်ဆောင်နေကြပြီ ဖြစ်သည်။
လက်ရှိတွင် တာမွေဈေးဒီဇိုင်းနှင့်ပါတ်သတ်ပြီး ကန့်ကွက်မှုများ ရှိလာကြသည်။
“ကျွန်တော်တို့က မြေအောက်ခန်းပါတာကို သဘောမတူနိုင်ဘူး၊ဆိုင်ခန်းအကျယ်ကို ၈ပေထားပေးရမယ်။မြေညီထပ်အမြင့်ကို ပေ ၂၀အထက်ထားပေးရမယ်။ဈေးမျက်နှာစာဝင်ပေါက်ကို အနည်းဆုံး ၃ပေါက်ဖောက်ပေးရမယ်။အစည်းအဝေးမှတ်တမ်းစာချုပ်ကိစ္စ လုပ်ပေးရမယ်“ဟု ဈေးဒီဇိုင်း နှင့်ပါတ်သတ်ပြီးကန့်ကွက်ကြသည့် ဈေးသူဈေးသား အချို့က ယနေ့တွင် သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောသည်။
မြေအောက်ခန်းကြောင့် ၎င်းတို့ ဈေးသည်များ ဈေးရောင်းမကောင်းဖြစ်မည်ကို စိုးရိမ်ကြောင်းလည်း ၎င်းတို့က ပြောသည်။
အချို့ကလည်း ဈေးအသစ်ဘေးတွင် ရှိလာမည့် Shop House ကို မလိုလားကြောင်း ပြောသည်။
သတင်းစာရှင်းလင်းပွဲတွင်လည်း ကန့်ကွက်သည့် ဈေးသည်များအကြား လိုလားချက်များ တူညီခြင်း မရှိဘဲ ကွဲပြားနေသည်ကို လည်းတွေ့ရသည်။
ကန့်ကွက်သည့် ဈေးသည်တစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် “ဒါတွေကိုမှ လက်မခံရင် ဈေးသစ်ဆောက်ကို မဆောက်တော့ နဲ့“ဟု ပြောသည်။
ဈေးသည် ၂၀ကျော် တက်ရောက်ခဲ့သည့် ယင်းသတင်းစာရှင်းလင်းပွဲတွင် ကန့်ကွက်သူများက ဈေးသစ်ဆောက်မည့်ကိစ္စ ကန့်ကွက်နေခြင်းမဟုတ်ဘဲ ဒီဇိုင်းကို ကန့်ကွက်ခြင်းဖြစ်ကြောင်းလည်း ပြောသည်။
ယင်းအပေါ် တာမွေစည်ပင်သာယာရေးအဖွဲ့ဥက္ကဌ ဦးအောင်မျိုးလင်းက ဈေးမြေကို ကိုယ်ပိုင်မြေဟု မှတ်ယူ ထင်နေကြသည်လောဟု မေးခွန်းထုတ်ခဲ့သည်။
“ဒီဇိုင်းကို အစိုးရအဖွဲ့၊လွှတ်တော် အားလုံးက သဘောတူလက်ခံ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ဒါနဲ့ ပါတ်သတ်ပြီး သူတို့က ကန့်ကွက်နေကြသူတယ်။တောင်းဆိုတာတွေက လည်း မဖြစ်နိုင်တဲ့ ကိစ္စ။မြေအောက်ခန်းမထည့်ရင် မရဘူးလေ။နောက်ပြီၤး မြေညီထပ် အမြင့်ပေ ၂၀အထက် တဲ့ ဖြစ်နိုင်မလား တွက်ကြည့်။ဒီမြေဟာ သူတို့မြေ မဟုတ်ဘူး။စည်ပင်ရဲ့ စည်ပင်ခန့်ခွဲမှုအတိုင်းပဲ သွားရမှာ“ဟု ၎င်းက ပြောဆိုသည်။
ယခု ဒီဇိုင်းသည် အစည်းအဝေးများအကြိမ်ကြိမ် လုပ်ပြီး ညှိနှိုင်းမှု အကြိမ်ကြိမ်လုပ်ကာ ထွက်လာသည့် ဒီဇိုင်းဟု ဦးအောင်မျိုးလင်းက ဆက်ပြောသည်။
သတင်းစာရှင်းလင်းပွဲအတွင်းဈေသည်အချို့ ပြောဆိုခဲ့သည့် ဈေးသည်များမှ တစ်ထပ်သာ ရပြီး ကုမ္ပဏီမှ အကုန်လုံးရသည်ဆိုသော စကားအပေါ်တွင်လည်း ဈေးသည်တွေက မြေညီထပ်ရကာ၊ပျံကျဈေးသည်များက ပထမထပ်ရကြောင်း၊ဒုတိယထပ်၊တတိယထပ်သာ ကားပါကင်ဖြစ်ကာ၊အပေါ်ဆုံးထပ်တွင် စာကြည့်တိုက်၊ရုပ်ရှင်ရုံ တို့ ဖြစ်ကြောင်း၊ယခုကိစ္စသည် စည်ပင်က ရသည့် ရာခိုင်နှုန်းကများပြီး ကုမ္ပဏီဘက်က နည်းကြောင်း အကုန်လုံးရသည်က မဟုတ်ကြောင်း ရှင်းပြသည်။
တာမွေ တိုင်းလွှတ်တော်အမတ် ဦးလှသိန်းက “ကျွန်တော်တို့က ဈေးကောင်းကောင်းတစ်ခုလိုချင်တယ်ဗျာ။တာမွေမှာ မရှိသေးဘူး။ဒါ့ကြောင့် တွန်းလုပ်နေတာ“ဟု ပြောသည်။
ဆွေးနွေးပွဲများပြုလုပ်စဉ် ဈေးသည်ကိုယ်စားလှယ်ဆိုသူ ၃၅ဦးတက်ခဲ့ရာတွင် ထိုထဲမှ ၁၀ဦးက ကန့်ကွက်တောင်းဆိုမှုများပြုလုပ်ခဲ့ကြကြောင်း၊ ယခု ဆိုလ ျှင် သတင်းစာရှင်းလင်းပွဲများလုပ်လာသည်အထိ တောင်းဆိုမှုအရှိန်မြင့်တက်လာနေကြောင်း ဦးလှသိန်းက ပြောသည်။
“တောင်းဆိုတာကလည်းဗျာ။တစ်ခုပြီး တစ်ခု။ရုပ်လုံးပေါ်လာခါနီးမှ ကန့်ကွက်နေကြသလို ဖြစ်နေပြီ“ဟု ၎င်းက မှတ်ချက်ပြုသည်။
တာမွေစည်ပင်သာယာရေးအဖွဲ့ဥက္ကဌ ဦးအောင်မျိုးလင်းက မင်္ဂလာဈေးကဲ့သို့ ကြန့်ကြာသွားမည်ကို စိုးရိမ်မိကြောင်း ပြောသည်။
သတင်း-Myanmar Harp
Videos by thwinnandazaw/Kaung Htet