PP001
တိုင်းရင်းသားပေါင်းစုံ ငြိမ်းချမ်းစွာ စုပေါင်းနေထိုင်သည့် တောင်ကြီးမြို့ကဲ့သို့ တစ်တိုင်းပြည်လုံးနေထိုင်ပါက ငြိမ်းချမ်းရေးရပြီဟု အတိုင်ပင်ခံဆို
တောင်ကြီး၊နိုဝင်ဘာ ၁၉
တိုင်းရင်းသားပေါင်းစုံငြိမ်းချမ်းစွာ စုပေါင်းနေထိုင်သည့် တောင်ကြီးမြို့ကဲ့သို့ တစ်တိုင်းပြည်လုံးနေထိုင်ပါက ငြိမ်းချမ်းရေးရပြီဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ရှိရင် ဖြစ်ပါ့မလားအောင်မြင်ပါ့မလား ဆိုပြီးတစ်ချို့က မေးခွန်းထုတ်ပါတယ်။ အရင်တုန်းက ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး၊ အခုလည်း အထစ်အငေါ့တွေများများနဲ့ အခက်အခဲတွေများများနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အောင်မြင်ပါ့မလား ဆိုပြီး မေးခွန်းထုတ်တဲ့သူတွေရှိပါတယ်။အောင်မြင်ပါ့မလားလို့ မေးခွန်းထုတ်တဲ့ သူတွေကို ကျွန်မကတောင်ကြီးလိုနေရာမျိုးကို ကြည့်လိုက်ပါ။တောင်ကြီးလိုနေရာမျိုးမှာ ကျွန်မတို့ ပြည်သူများဟာ ပြည်ထောင်စု စိတ်ဓါတ်အပြည့်အဝနဲ့ အေးအေးချမ်းချမ်းနေနိုင်လို့ရှိရင် ကျွန်မတို့ တစ်တိုင်းပြည်လုံး မှာ မနေနိုင်စရာ အကြောင်းဘာရှိလဲ”ဟု အတိုင်ပင်ခံကပြောသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းတွင် ပြုလုပ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထု တွေ့ဆုံပွဲတွင် ၎င်းကပြောကြားခြင်း ဖြစ်သည်။
သို့ရာတွင် ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် ဝိုင်းဝန်းကြိုးစားရမည်ဖြစ်ကာ ဆုတောင်းနေရုံနှင့် မဖြစ်နိုင်ကြောင်း ၊ အစိုးရအနေဖြင့်လည်း ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကြိုးစားဆောင်ရွက်ပေးနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“အားလုံးသိတဲ့အတိုင်းပဲ ကျွန်မတို့ရဲ့နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ကြိုးစားနေတာဟာ ဆယ်စုနှစ်တွေ နဲက ချီလာပါပြီ။ လွတ်လပ်ရေးရတဲ့အချိန်ကနေစပြီး အခုအထိ ကျွန်မတို့နိုင်ငံအတွင်းမှာ ပြည်တွင်းစစ်မီးငြိမ်းတယ်ဆိုတာ မရှိသေးပါဘူး။ပြည်တွင်းစစ်မိးငြိမ်းအောင်လို့ ကျွန်မတို့ မျိုးဆက်မှာ လုပ်သွားချင်ပါတယ်။နောင်မျိုးဆက်တွေနောင်မျိုးဆက်တွေအတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို မချန်ခဲ့ချင်ပါဘူး။”ဟု အတိုင်ပင်ခံက ဆိုသည်။
“ပြည်တွင်းစစ်မီးငြိမ်းအောင်လို့ ကျွန်မတို့ မျိုးဆက်မှာ လုပ်သွားချင်ပါတယ်။ နောင်မျိုးဆက်တွေနောင်မျိုးဆက်တွေအတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို မချန်ခဲ့ချင်ပါဘူး…”
-ဒေါ်အောင်ဆန်းစုကြည်
တောင်ကြီးမြို့ကိုလာတိုင်း စိတ်ချမ်းသာဂုဏ်ယူရကာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ၊ကိုးကွယ်သောဘာသာပေါင်းစုံ က ညီညီညွတ်ညွတ်နှင့် အေးအေးချမ်းချမ်းနေကြခြင်းကြောင့် ပြည်ထောင်စု၏ အောင်မြင်မှု တစ်ရပ်ဟု ယူဆကြောင်း ၎င်းကပြောသည်။