PP001
ရန်ကုန်၊ နိုဝင်ဘာ ၂၈
ICJ အမှုကိုရင်ဆိုင်ရာတွင် မည်သူကိုမှ ထိခိုက်စေခြင်းမရှိဘဲ ပကတိအရှိတရားကို ကမ္ဘာကသိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၇ ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့် လူမျိုးကိုဖြစ်စေ၊ မည်သည့်ဘာသာကိုဖြစ်စေ၊ မည်သည့်လူအစုအဖွဲ့ကိုဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း၊ အလျဉ်းမပြုလုပ်ဘဲ ဤပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာက သိရှိနားလည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ စနစ်တကျပြင်ဆင် ဆောင်ရွက်နေမှုအပေါ် နိုင်ငံတစ်ဝှမ်းရှိ လူထုလူတန်းစားအသီးသီးက ထောက်ခံမှုများ ပြသလျက်ရှိသည်ကို တွေ့မြင်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း၊ယင်းကိစ္စသည် နိုင်ငံ့အရေးကိစ္စ၊ နိုင်ငံ့အကျိုးစီးပွားကိစ္စဖြစ်၍ “အရေးကြီးပြီ သွေးစည်းကြစို့” ဆိုသည့်အတိုင်း ပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် ကြီးမားလှသော အင်အားကို ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ၎င်းတို့ဆိုသည်။
ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာတရားရုံး၏ အဖွဲ့ဝင်ဖြစ်ကာ နိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်၍ ဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
လူမျိုးပြုန်းတီးစေမှု(Genocide)ဆိုသည်မှာ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူစုတစ်စုကိုဖြစ်စေ၊ သတ်ဖြတ်ခြင်း၊ ပြုန်းတီးခြင်းဟူ၍ အဓိပ္ပာယ်ရကာ ယဉ်ကျေးသည့် ကမ္ဘာသူ၊ ကမ္ဘာသား လူသားစု တစ်ရပ်လုံးက တားဆီးကာကွယ်ရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ခဲ့ရာ စတင်လက်မှတ်ရေးထိုးခဲ့သည့် ကမ္ဘာ့နိုင်ငံများတွင် မြန်မာနိုင်ငံသည် (၄၂)နိုင်ငံမြောက် နိုင်ငံဖြစ်ကြောင်း၊ “လူမျိုးပြုန်းတီးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံပေါင်းစုံသဘောတူစာချုပ် (Convention for the Prevention and Punishment of the Crime of Genocide)”ကို မြန်မာနိုင်ငံက ၃၀-၁၂-၁၉၄၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၄-၃-၁၉၅၆ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ကြောင်းသိရသည်။
အဆိုပါသဘောတူစာချုပ်ကို လက်ခံအတည်ပြုရန် ၂-၉-၁၉၅၅ ရက်နေ့တွင် သက်ဆိုင်ရာဝန်ကြီးက ပါလီမန်သို့တင်ပြခဲ့စဉ်ကလည်း “မြန်မာနိုင်ငံအနေဖြင့် ယနေ့အထိ ရဲရဲတင်းတင်းပြောရဲကြောင်း၊ လူတစ်စုနှင့် တစ်စုဖြစ်စေ၊ ဘာသာတစ်ခုနှင့်တစ်ခု ကိုးကွယ်သည့် လူမျိုးအလိုက်ဖြစ်စေ၊ လူတစ်စုအလိုက်ဖြစ်စေ ယနေ့အထိ ဤကိစ္စမျိုး မပေါ်သေးဖူးကြောင်း၊ နောင်ကိုလည်း ပေါ်စရာအကြောင်းမရှိကြောင်း” ရှင်းလင်းတင်ပြခဲ့ပြီး ပါလီမန်၏ အတည်ပြုချက်ကို ရယူခဲ့ပါသည်။ ယနေ့ကာလအထိလည်း မြန်မာနိုင်ငံအနေဖြင့် “လူမျိုးပြုန်းတီးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံပေါင်းစုံ သဘောတူစာချုပ်”အား လက်ခံအတည်ပြုစဉ်က ရပ်တည်ချက်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့် စပ်လျဉ်း၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။