PP001
ရန်ကုန်၊စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စီစစ်ရေးကော်မတီက ဇွန်လအတွင်းပြုလုပ်ခဲ့သော အစည်းအဝေးများတွင် ဗိုလ်တစ်ထောင်မြို့နယ်အတွင်း BOAD ၊AODဝင်းမြေနေရာများမှာ ၁၉၈၈ ခုနှစ်ရှေ့ပိုင်းသိမ်းဆည်းခဲ့ခြင်းဖြစ်၍ အမှုပိတ်သိမ်းရန်ဟု ဆုံးဖြတ်ခြင်းမှာ မမှန်ကန်ကြောင်း မြေပိုင်ရှင်များက ပြောဆိုလိုက်သည်။
စက်တင်ဘာ ၁၀ ရက်နေ့ PCMJ ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ၎င်းတို့ကပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ မြေတွေက ၁၉၉၁-၉၄ ခုနှစ်မှာ သိမ်းဆည်းခဲ့တာပါလို့ ဌာနဆိုင်ရာတွေက တရားဝင်ထုတ်ပေးထားတဲ့ စာတွေ အခိုင်အမာရှိပါလျက်နဲ့ အခုလိုဆုံးဖြတ်တာ မှန်ကန်ပါဘူး၊ ကျွန်တော်တို့ဆီမှာနှစ် ၉၀ ဂရမ်မူရင်းတွေ လည်းရှိပါတယ်။ သက်တမ်းတောင်မကုန်သေးပါဘူး၊ ၁၉၉၀ အထိ မြေငှားခ ကျွန်တော်တို့ကိုပေးခဲ့တဲ့ ပြေစာတွေလည်း ရှိနေတာပါ ”ဟု မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမြင့်အောင်ကပြောသည်။
ယင်းမြေများအနက် ပထမအသုတ် အဖြစ် မြေပိုင်ရှင် ၂၇၇ ဦးကို ၂၀၁၆ ခုနှစ်က ငွေသိန်း၃၂၀ ကျပ်နှင့် ၆၅၀ စတုရန်းပေရှိသောတိုက် ခန်းတစ်ခန်းစီအစိုးရ ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း ၊ဒုတိယအသုတ် ပေးလျော်ရန် ၆၆ဦးကျန်ရှိနေသေးသော်လည်း ယခုအချိန်ထိ ပေးလျော်ခြင်းမရှိသေးခြင်းမှာ တရားမျှတမှုမရှိကြောင်း မြေပိုင်ရှင်များကပြောသည်။
“ကျွန်တော်တို့ အတူအသိမ်းခံရပြီး တမြေတည်းဖြစ်တဲ့ ကျန်တဲ့သူတွေကရပြီး ကျွန်တော်တို့ကျမှ မရတာ အတော်စိတ်မကောင်းဖြစ်မိပါတယ်၊ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်ပါဝင် တာဝန်ရှိသူတွေကို အမှန်တရားသိစေချင်ပါတယ်”ဟု မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသိန်းစိုးကပြောသည်။
မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသိန်းနိုင်ကလည်း လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ် မြေစစ်အဖွဲများက လျော်ကြေးပေးသင့်ကြောင်း ထောက်ခံတင်ပြမှုများရှိသော်လည်း တိုင်းဒေသကြီးမြေစစ်အဖွဲ့က ယခုကဲ့သို့ ၁၉၈၈ ခုနှစ်အရှေ့ပိုင်း သိမ်းယူခဲ့ခြင်းကြောင့် အမှုပိတ်သိမ်းရန်ဟု ဆုံးဖြတ်ခြင်းသည် လျော်ကြေးမပေးတော့ဟု အဓိပ္ပါယ်သက်ရောက်နေကြောင်း ပြောသည်။
“ကျွန်တော်တို့အနေနဲ့စိုးရိမ်မိပါတယ်၊အဲတာကြောင့်လည်း တာဝန်ရှိသူတွေ အမှန်တရားသိအောင် သတင်းစာရှင်းလင်းပွဲပြုလုပ်တာပါ”ဟု ၎င်းကဆိုသည်။
အဆိုပါ သိမ်းဆည်းခံမြေများ လျော်ကြေးပြန်လည်ရရှိရေးအတွက် ၂၀၁၂ ခုနှစ်မှစ၍ ဆန္ဒပြပွဲပေါင်း ၃၃ ကြိမ်နှင့် သတင်းစာရှင်းလင်းပွဲ ၁၂ ကြိမ်ပြုလုပ်ခဲ့ကြသည်။